ဘာသာတရားရဲ့ အဆုံးအမများနဲ့ ဘဝတည်မြဲရေးအတွက် လိုအပ်ချက်ကြား စေ့စပ်ရေးလုပ်ရတဲ့ သဘောကို ဒုက္ခသည်စခန်းမှာ လက်တွေ့ မြင်ခဲ့ရပါတယ်။ နတ်တော်လပြည့်ကျော် လမင်းရဲ့ လရောင်က အင်ဖက်မိုးကို အလင်းဖောက်ထားတဲ့ ပလပ်စတစ်အမိုး ကြားကနေ တဲအိမ်ထဲကို ဖြာကျနေပါတယ်။ သက်ကြီးခေါင်းချချိန် ကြက်တွန်သံကို ကြားနေရပေမယ့် ခါတိုင်းလို ကလေးငိုသံ၊ ကလေးချော့သံတွေကို မကြားရပါဘူး။ တဲအိမ်တွေရဲ့ သဲပွတ်ကာ ဝါးနံရံတွေမှာ နေ့နံ ၇ရက်ကို ကိုယ်စားပြုတဲ့ပန်း၊ အရွက်၊ အညွန့်ကို ပရိတ်ကြိုးတွေနဲ့ ချည်ပတ်ထားတယ်။ နေဝင်ဖြိုးဖျ၊ ညီအကို မသိတသိ အချိန်၊ နွားရိုင်းသွင်းချိန်လို့ ခေါ်ကြတဲ့ အချိန်လောက်မှာ ကလေးငယ်တွေ တအိမ်နဲ့တအိမ် မကူးခိုင်းတော့ဘူး။ အိမ်ထဲက အိမ်ပြင် မထွက်ခိုင်းတော့ဘူး။

မိခင်တွေရဲ့ ဘုရားရှိခိုးသံ၊ ဘုရားစာရွတ်သံကိုလဲ ကျယ်ကျယ်လောင်လောင် ကြားနေရတယ်။ ကိုယ့်အိမ်ထဲကို ပြင်ပက ဘယ်အမှောင့် ပယောဂမှ မလာနိုင်အောင် အသံနဲ့ ပိတ်ဆို့နေကြတာပေါ့။ ခါတိုင်း သွားနေကျမို့ ကလေးတွေက အိမ်ပြင် မထွက်ရလို့ ငိုကြတယ်။ သူတို့ရဲ့ လွတ်လပ်ချင်စိတ်၊ သွားချင်စိတ်ကို စကားနဲ့ မပြောနိုင်တော့ အသံထွက် ငိုပြကြတယ်။ ကလေးငိုသံက မိဘအသည်းနှလုံးကို ခါတိုင်းလို ကိုင်မလှုပ်နိုင်တော့ဘူး။ ကလေးကို အလိုလိုက်လွန်းတဲ့ နေရာမှာ ပြိုင်ဘက်ကင်းတဲ့ သရက်အကျဉ်းထောင်မှာ အကျဉ်းကျခံခဲ့ရတဲ့ ကိုယ်တော်ကြီးတောင် သူ့သမီးလေး တင်ပါးကို တဖြန်းဖြန်းရိုက်နေလို့ အိမ်နီးချင်းတွေတောင် အံ့သြနေကြရတာ။

ဒုက္ခသည်စခန်းရဲ့ စိတ်ဖိစီးမှုတွေကြား၊ မပြည့်စုံမှုတွေကြား ကြီးပြင်းခဲ့ကြရသူတွေပါ။ သေခြင်းတရားက သူတို့ရဲ့ လွတ်မြောက်မှုလို့ သူတို့တွေးမိခြင်းက ကြေကွဲဖို့ ကောင်းလှပါ တယ်။
ဒုက္ခသည် စခန်းလေးမှာ ဒီဇင်ဘာလအတွင်း လူလေးဦးဆက်တိုက် ဆုံးသွားလို့ ဒုက္ခသည်တွေအားလုံး ထိတ်လန့်သွားကြတယ်။ ဒုက္ခသည်စခန်းမှာ ရွာထဲနဲ့ PABလို့ ခေါ်တဲ့ ရပ်ကွက်ပေါင်း ၁၆ခု ရှိပါတယ်။ ရွာထဲမှာ ကရင့်လူမျိုး အများစုနေကြပြီး PAB မှာတော့ တိုင်းရင်းသား လူမျိုးပေါင်းစုံ နေထိုင်ကြပါတယ်။ ရွာထဲမှာ ကရင်လူမျိုး အသက်၁၄နှစ်အရွယ် ကျောင်းသူကျောင်းသားလေး နှစ်ယောက် မရှေးမနှောင်းလေးမှာ မြက်သတ်ဆေး သောက်လို့ သေသွားတယ်။ အသက်ငယ်ရွယ်ပြီး ကျန်းမာရေးလဲ အကောင်းကြီးမို့ ကြားရသူ မြင်ရသူတွေ စုတ်တသပ်သပ် ဖြစ်ကုန်ကြတာပေါ့။

ဒီဇင်ဘာလမှာ ခရစ္စမတ် လက်ဆောင် အပြန်အလှန် ပေးကြတဲ့အတွက် ကျောင်းသားမိဘတွေက ကိုယ့်သားသမီးကို ငွေကြေး၊ ပစ္စည်း ဝယ်ပေးရတာမျိုး ရှိပါတယ်။ မြက်သတ်ဆေး သောက်သေတဲ့ ကျောင်းသားလေးက သူ့အမိုးနဲ့ အပါးကို ခရစ္စမတ် လက်ဆောင်ပေးဖို့ ငွေတောင်းသတဲ့။ ဒီတော့ မိဘတွေကလဲ “ ငါတို့တောတိုး ဝါးခုတ်စားရတဲ့ သူတွေ။ ဖိုးခွားတောင်းတဲ့ ငွေ ဘယ်ပေးနိုင်မလဲ။ ခုတောင် ပါမိုက် (သစ်တောတာဝန်ရှိသူ)တွေက တောထဲမှာတွေ့ရင် သေနတ်နဲ့ ပစ်မယ် ပြောလို့ အပါးတောထဲ မသွားရဲဘူး။ ရိက္ခာပဲရှိရင်လဲ အပါး ရောင်းပေးပါတယ်။ ရိက္ခာပဲ မရတာတောင် ၆လရှိပြီ။ ဖိုးခွားကို ပေးချင်တာတော့ လက်ကုန်ပဲ” လို့ ပြောတယ်တဲ့။

ကလေးကလဲ ကျောင်းမှာ မပေးနိုင်ရင် မျက်နှာငယ်မယ်။ အရှက်ရမယ်လို့ဘဲ စိတ်ထဲစွဲနေမှာ။ ဘဝရဲ့ ပကတိအတိုင်းကို လက်မခံနိုင်ဘူး ဖြစ်ပါလိမ့်မယ်။ ဒီမှာတင် မြက်သတ်ဆေး သောက်လိုက်တယ်။ ဒုက္ခသည် စခန်းလေးရဲ့ ဆေးရုံမှာ ၂ရက် ခံလိုက်သေးတယ်။ ၂ရက် အကြာမှာ ဆုံးသွားတယ်။ မိန်းကလေးကလဲ သူ့အိမ်က သူလိုချင်တာ လုပ်မပေးနိုင်လို့ မြက်သတ်ဆေး သောက်သေတာ။သူကလဲ ဆေးရုံမှာ ၃ရက် ခံတယ်။

ဒီကလေးတွေက လူ့အဖွဲ့အစည်း အကြီးကြီးရဲ့ ပညာပေး ဟောပြောမှုတွေ၊ ပတ်ဝန်းကျင်ရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို မခံစားလိုက်ရဘူး။ စစ်အာဏာရှင်တွေရဲ့ သေနတ်ကျည်ဆံ၊ မြေမြှုပ်မိုင်း၊ မြေမြှုပ်ဗုံးတွေရဲ့ ဒဏ်ကို ကြောက်လို့ ထွက်ပြေးလာရတဲ့ စစ်ပြေးဒုက္ခသည် ကရင်မိသားစုက မွေးဖွားလာခဲ့ကြတာ။ ဒုက္ခသည်စခန်းရဲ့ စိတ်ဖိစီးမှုတွေကြား၊ မပြည့်စုံမှုတွေကြား ကြီးပြင်းခဲ့ကြရသူတွေပါ။ သေခြင်းတရားက သူတို့ရဲ့ လွတ်မြောက်မှုလို့ သူတို့ တွေးမိခြင်းက ကြေကွဲဖို့ ကောင်းလှပါတယ်။
ပရိတ်ရေတွေကို တဲအမိုးပေါ်၊ တဲအိမ်ဘေး တွေကို ဖြန်းပြီး ပရိတ်ကြိုးတွေကိုတော့ ကလေးတွေရဲ့ လည်ပင်းတွေ၊ လက်တွေမှာ ချည်ပေးထားကြတယ်။ ကလေးမိခင်တွေရဲ့ စိုးရိမ်ပူပန်တဲ့ အသံတွေ၊ ကျန်းမာရေးအတွက် ပူပန်နေတဲ့ ဒုက္ခသည်တွေရဲ့ သောကစွက်နေတဲ့ အသံတွေ
ဒုက္ခသည်စခန်းသာ သူတို့ကမ္ဘာလို့ တွေးထင်ခဲ့ကြမယ်။ လောကမှာ ပြည့်စုံခြင်းကို ပျော်ရွှင်ရယ်မောခြင်းနဲ့ ဖေါ်ပြပြီး၊ မပြည့်စုံခြင်း၊ မရှိခြင်းကို ငိုကြွေးခြင်းနဲ့ ဖေါ်ပြကြပေမယ့် ခုကလေးတွေကတော့ သေခြင်းတရားနဲ့ ဖေါ်ပြသွားကြတယ်။ ကျောင်းသားလေးရဲ့ နောက်ဆုံးခရီးကို သူ့သူငယ်ချင်း ကျောင်းသားတွေ အကုန်လိုက်ပို့ကြတာများ သုသာန်တခုလုံး လူငယ်တွေချည်းပဲ။ ကျောင်းသားလေး နောက်ဆုံးဝတ်ခဲ့တဲ့ ကျောင်းဝတ်စုံ၊ လွယ်အိတ် အသုံးအဆောင်တွေကို သူငယ်ချင်းတွေက စင်လေးလုပ်ပြီး ယူလာကြတယ်။ ကျောင်းသားလေးကိုင်ခဲ့တဲ့ ပစ္စည်းလေးတွေက ခုတော့ ပိုင်ရှင်မဲ့သွားပြီ။ ဘဝသစ်မှာ သူငယ်ချင်း ပြည့်စုံလုံလောက်ဖို့ သူတို့ လက်ဆောင်လဲမယ့် ပစ္စည်းလေးတွေကို ထည့်ပေးလိုက်ကြတယ်။

ဒီကလေးတွေ သေဆုံးပြီး ရက်ပိုင်းလေးမှာဘဲ ပလာရုံးရှေ့က ရခိုင်လူမျိုး ကျောင်းဆရာမ အသက် ၄၇နှစ် ရုတ်တရက် သေဆုံးသွားတယ်။ သူ့မှာ နှလုံးသွေးတိုးရောဂါရှိလို့ အုန်းဖျန်ဆေးရုံမှာ ဆေးသွားကုတာ ရောဂါသက်သာလို့ သူ့အိမ်ပြန်ခဲ့တာပါ။ အဲဒီ့နေ့က ထားဝယ် အမျိုးသမီးကြီးက ထားဝယ်သားတွေကို ရဟန်းခံ ရှင်ပြုလုပ်ပေးတဲ့နေ့။ သိမ်ဆင်းလောင်းဖို့ ရခိုင်ဆရာမ ပြင်ဆင်နေတာ။

အဲဒီ့အချိန်မှာ သူ့ရင်ဘတ်ထဲက စူးကနဲ့အောင့်လို့ ထိုးအန်ချလိုက်တယ်။ ဒုက္ခသည်စခန်းလေးက ဆေးရုံကို အရေးပေါ်တင်ဖို့ ကြိုးစားကြတယ်။ ဆေးရုံသွားဖို့ လူနာကို ပုခက်နဲ့ ပို့ရင်ပို့၊ ဒါမှမဟုတ် ရိက္ခာဆန်တွန်းလှည်းနဲ့ ပို့ရပါတယ်။ ဒီလိုလူစုပြီး ခြေလျင်သွားရတဲ့ အချိန်မှာ လူနာရဲ့ အသက်ကိုလုဖို့ အချိန်နည်းပါးခဲ့ရတယ်။ ဆေးရုံလေးရဲ့ ဆေးဝန်ထမ်းတွေမှာ စေတနာကလွဲပြီး ဘာမှ မပြည့်စုံရှာပါဘူး။ ဆေးရုံ ကုတင်လေးပေါ် လူနာကိုချ၊ အရေးပေါ် ကုသနည်းနဲ့ နှလုံးခုန်ဖို့ ကြိုးစားပေမယ့် လူနာငြိမ်သက်သွားခဲ့ပါတယ်။

အဲဒီ့နေ့က မိသားစုနဲ့အတူ ဘဝတူ ဒုက္ခသည်တွေရဲ့ ကြေကွဲမှုက ထွက်ပေါ်လာတဲ့ ငိုကြွေးသံကို မိုးနတ်မင်းတွေ ဂရုဏာသက်သွားလို့ ထင်ပါရဲ့။ ဒီဇင်ဘာလကြီး မိုးတွေရွာချလိုက်တာ ဒုက္ခသည်စခန်းတခုလုံး ရွှဲရွှဲစိုပါရောလား။ ရဟန်းခံ ရှင်ပြု တရားနာ ရေစက်ချပွဲမှာ ခုမြင်ခုပျောက် သေခြင်းတရားကို လက်တွေ့ပြပြီး ဟောကြားခဲ့တဲ့ တရားကို နာယူခဲ့တဲ့ မစိန်အေးက တရားမနာခင် နောက်ပြောင်နေသေးတယ်။” ဆရာမ နားနေတဲ့သူတွေ သတိထား။ စာထဲပါသွားဦးမယ်” တဲ့။

မစိန်အေးက ဒုက္ခသည်ဘဝမှာ လန်းဆန်းတက်ကြွပြီး လောကဓံကို ရဲရဲရင်ဆိုင်ရဲသူ။ ဒုက္ခသည်အချင်းချင်းကို သူ့စကားလုံး၊ သူ့အပြုံးတွေနဲ့ လန်းဆန်းစေသူပါ။ တရားနာတဲ့နေ့က ၁၂-၁၂-၂ဝ၁ဝ။ ၂ဝ-၁၂-၂ဝ၁ဝညနေမှာ မစိန်အေးဆုံးသွားပြီတဲ့။ ကျမတို့တွေ ကြားကြားချင်းမယုံဘူး။ ကျန်းမာရွှင်လန်းနေတဲ့ မစိန်အေးနဲ့အတူ ကျမတို့ တရားနာခဲ့ကြသေးတယ်လေ။

မစိန်အေးမှာ သွေးတိုးရှိသတဲ့။ အဲဒီ့နေ့က သူသွေးတိုးတယ်ဆိုပြီး သွေးကျဆေးသောက်တယ်။ သွေးကျဆေး သောက်ပြီး မကြာခင် ဗိုက်အောင့်တယ်တဲ့။ ဗိုက်အောင့်တော့ သူဆေးရုံတက်တယ်။ ဆေးရုံ ရောက်ပြီး ၃ရက်အကြာမှာ သူဆုံးတယ်။ ဆေးရုံကနေ ဒုက္ခသည်စခန်းထဲက သူ့တဲအိမ်လေးဆီ မစိန်အေးကို သယ်ခဲ့ကြတယ်။

မစိန်အေးရဲ့ နောက်ဆုံးခရီးကို ဒုက္ခသည်စခန်း PAB တခုလုံး လိုက်ပို့ကြလို့ သုသာန်တခုလုံး လူတွေနဲ့ ပြည့်သွားတယ်။ မစိန်အေးရဲ့ ရုပ်ကလပ်ကို သုသာန်အဝင်မှာ စောင့်နေသူတွေက ခဲတွေနဲ့ပေါက်ကြတယ်။ “နောက်လာအုံးမလား”လို့ပြောပြီး အားပါတရ ပေါက်ကြတာ။ မစိန်အေးကို ထမ်းလာသူတွေက” နောက်မလာတော့ပါဘူး”လို့ ဝိုင်းအော်ကြတယ်။ ဒုက္ခသည် စခန်းရဲ့ ညှိုးနွမ်း၊ အားငယ် သိမ်ငယ်မှုတွေက သေခြင်းတရားမှာတောင် ရှိတယ်။

တောတောင်တွေရဲ့ ဘေးသစ်ပင်ကြီးတွေကြားထဲမှာ မစိန်အေးကို မြေမြှုပ်ကြတယ်။ ပုဇဉ်းရင်ကွဲသံ၊ ပုရစ်သံ၊ အဖော်မဲ့တဲ့ ငှက်ကလေးတွေရဲ့အသံကြား မစိန်အေးတယောက်ထဲ ကျန်ခဲ့တယ်။ သဘာဝတရားကဘဲ မစိန်အေးကို အဖေါ်ပြုကျန်ခဲ့တော့တယ်။
အိပ်မက်တွေ
တရာသီပြီးတရာသီ
ရိတ်သိမ်းခံရလွန်း
ကျနော်ဟာကံကြမ္မာဖြစ်ချင်ခဲ့တယ်
ဒုက္ခသည် စခန်းလေးမှာတော့ စခန်းအုပ်ချုပ်သူတွေက ကိုယ့်ဘာသာတရားတွေနဲ့ အန္တရာယ်ကင်းအောင် လုပ်ကြမယ်လို့ ဆွေးနွေး တိုင်ပင်ကြတယ်။ ဗုဒ္ဓဘာသာဝင်တွေအတွက် ရဟန်းသံဃာတော်တွေက ဒုက္ခသည်စခန်းရဲ့ လေးဘက်လေးတန်မှာ တချိန်ထဲ တပြိုင်ထဲ ပရိတ်ရွတ်မယ်။ ပြီးတော့မ ကောင်းဆိုးဝါးတွေကို ဒုက္ခသည်စခန်းက ထွက်သွားအောင်၊ နောက်ထပ် မလာအောင် သံပုံးတီး မောင်းထုတ်မယ်။ တဲအိမ်လေးတွေထဲ နေထိုင်သူအားလုံး သံပုံးတီး တောထုတ်မှာမို့ စခန်းအုပ်ချုပ်သူ ထိုင်းပလာဆီက ခွင့်ပြုချက် တောင်းမယ်။ ပလာခရီးသွားနေလို့ လောလောဆယ်တော့ တဲအိမ်လေးတွေရဲ့ လမ်းဆုံလမ်းခွလေးတွေမှာ ရဟန်းသံဃာတွေက အန္တရာယ်ကင်း ပရိတ်ရွတ်ပေးနေကြတယ်။

ပရိတ်ရေတွေကို တဲအမိုးပေါ်၊ တဲအိမ်ဘေးတွေကိုဖြန်းပြီး ပရိတ်ကြိုးတွေကိုတော့ ကလေးတွေရဲ့ လည်ပင်းတွေ၊ လက်တွေမှာ ချည်ပေးထားကြတယ်။ ကလေးမိခင်တွေရဲ့ စိုးရိမ်ပူပန်တဲ့ အသံတွေ၊ ကျန်းမာရေးအတွက် ပူပန်နေတဲ့ ဒုက္ခသည်တွေရဲ့ သောကစွက်နေတဲ့ အသံတွေက ကျမရင်ကို နာကျင်စေပါတယ်။

ဒီစကားသံ၊ ဒီမြင်ကွင်းတွေကိုကြည့်ပြီး ကျမကဗျာဆရာမြမြင့်မိုရ်ရဲ့ ကဗျာထဲကလို ကံကြမ္မာဖြစ်ချင်လိုက်တာ။ ကဗျာခေါင်းစဉ်ကိုတော့ ကျမမမှတ်မိတော့ဘူး။ ကဗျာစာသားလေးက ဒုက္ခသည် ကျမတို့အတွက် မြက်မြက်သက်သက်၊ ကွင်းကွင်းကွက်ကွက်ပါပဲ။

လက်ညှိုးညွှန်ရာ
ကွေ့ကောက်စီးဆင်းရလွန်းလို့
ကျနော်ဟာကံကြမ္မာဖြစ်ချင်ခဲ့တယ်
အိပ်မက်တွေ
တရာသီပြီးတရာသီ
ရိတ်သိမ်းခံရလွန်း
ကျနော်ဟာကံကြမ္မာဖြစ်ချင်ခဲ့တယ်
ဆုတောင်းခြင်းရဲ့ကျေးကျွန်ဖြစ်ရဖန်များလွန်းလို့
ကျနော်ဟာကံကြမ္မာဖြစ်ချင်ခဲ့တယ်
ဖြည့်ဆီးခြင်းရဲ့အရှင်သခင်အဖြစ်
အရာအားလုံးကိုပြဋ္ဌာန်းဖို့
ကျနော်ဟာကံကြမ္မာဖြစ်ချင်ခဲ့တယ်
လောကဓံကို
ပျစ်ပျစ်နှစ်နှစ်ဆက်ဆံဖို့
ကျနော်ဟာကံကြမ္မာဖြစ်ချင်ခဲ့တယ်……………တဲ့။
ကျမသာ ကံကြမ္မာ ဖြစ်ခဲ့ရင်
မကောင်းဆိုးဝါးနဲ့တူတဲ့
စစ်အာဏာရှင်စနစ်ကို
ဖယ်ရှားပစ်လိုက်ချင်ပါရဲ့ ………………………………။

0 Responses to ကမ္ဘာဦးကို ထုံကူးခြင်း

Post a Comment

မိတ်ဆက်

နရသိန် ဘလော့ကို www.webnarathein.tkမှပြောင်းလဲဆန်းသစ်ချင်
၍အသစ်ပြုလုပ်ခဲ့ပါသည်။ဤဆိုဒ်သို့ ဆောင်းပါးများ၊ကဗျာများ၊ ပေးပို့နိုင်
ပါသည်။ ရောက်ရှိလာသောစာမှုများကို စီစစ်ပြီးဖေါ်ပြပေးသွားပါမည်။
ပေးပို့ လိုလျှင်။amoe2007@gmail.com သို့ လိပ်မှုပြီးပေးပို့နိုင်ပါသည်။
နရသိန်အဖွဲ့

ဝင်ရောက်ကြည့်ရှု့သူများ

နိုင်ငံရေးအကျဉ်းသားများသီချင်း