Hnin-Pan-Eaim-illustration စိမ်းဖန့်နေတဲ့သစ်တော သစ်ပင်တွေကြားထဲက မိုးရွာပြီးစ မြေသင်းနံ့လေးက သင်းပျံ့ပျံ့နဲ့။ မိုးရေနဲ့ ထိတွေ့ထားတဲ့သစ်ပင်၊ သစ်ခက်၊ သစ်ရွက်တွေကစိမ်းစိုလို့။ ရွက်နုစိမ်းစိမ်းတွေက မိုးရေအားကိုးနဲ့ လောကကြီးထဲ အားကုန်ရုန်းထွက်လာကြတယ်။တောတောင်တွေကြား ကျမ လက်ရှိနေထိုင်နေရတဲ့ ပတ်ဝန်းကျင်က ကျမ ဆယ်နှစ်ကြာ ဖြတ်သန်းခဲ့တဲ့ ကလေးမြို့ ထောင်ဝင်စာ ခရီးလမ်းနဲ့ သိပ်ကိုတူပါတယ်။

ခုလိုမေလမှာပေါ့။ 


ဒီအခက်အခဲများကို တတ်နိုင်သမျှ လက်လှမ်းမီသမျှ လိုက်ပါဆောင်ရွက် စောင့်ရှောက်နေသူ တဦးကတော့ ဒေါ်ရှု (ခေါ်) ဒေါ်ရှုသင်း ဖြစ်ပါတယ်။
ဒေါ်ရှုဟာ အသက် (၆၁) နှစ်အရွယ် အမျိုးသမီးတဦးဖြစ်ပြီး  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စမ်းချောင်းမြို့နယ် စည်းရုံးရေးမှူး တဦးလည်း ဖြစ်ပါတယ်။ သူမဟာ  အကျဉ်းသားစောင်ရှောက်ရေး လုပ်ငန်းကို ရွှေဝါရောင်တော်လှန်ရေးအပြီးမှ စတင်ဆောင်ရွက်ခဲ့ရာ ယနေ့အထိ အကျဉ်းသားပေါင်း တရာဝန်းကျင်ကို စောင့်ရှောက်နေဆဲ ဖြစ်ပါတယ်။
ရွှေဝါရောင်တော်လှန်ရေးကာလ ငွေကြာရံကျောင်းတိုက်၊ မဂ္ဂင်ကျောင်းတိုက်၊ နန်းဦးကျောင်းတိုက်၊ ပုဇွန်တောင် ရွှေတောင်ကျောင်းတိုက် စတဲ့ကျောင်းတိုက်များကို အာဏာပိုင်စစ်တပ်က ဝင်ရောက်စီးနင်းပြီး ရွှေဝါရောင်တော်လှန်ရေးမှာ ပါဝင်ခဲ့တယ်လို့ ယူဆရတဲ့ သံဃာတော်အမြောက်အများကို ဖမ်းဆီးရုံးတင် စစ်ဆေးခဲ့ပါတယ်။

ပြီးတော့ သံဃာတော်များကို အင်းစိန်ထောင်မှ သက်ဆိုင်ရာမြို့နယ် တရားရုံးများသို့ ရုံးထုတ်ရာမှာ အင်းစိန်အကျဉ်းထောင်မှ နံနက် (၈း၀၀) နာရီခန့်မှာ ရုံးထုတ်ပြီး ညနေ ၃း၀၀-၄း၀၀ နာရီခန့်ထိ ရုံးထုတ်ချိန် ရှည်လျားလှသော်လည်း အာဏာပိုင်များက သံဃာတော်များရဲ့ ဆွမ်းကိစ္စကို ဘာမှစီစဉ်ပေးခြင်း မရှိခဲ့ပါဘူး။
ပြီးတော့ သံဃာတော်များကို လူဝတ်လဲရာမှာ ကြံ့ဖွတ်များ၊ ရဲတပ်ဖွဲ့များရဲ့ ပုဆိုးအင်္ကျီ အစုတ်အပြဲ၊ ချေးအထပ်ထပ်များသာ ဝတ်ပေးခဲ့ကြသဖြင့် သံဃာတော်များမှာ အဝတ်ပုဆိုး ညစ်နွမ်းလှကြောင်း ရှေ့နေ ကိုညီညိလှိုင်၊ ကိုဖိုးဖြူတို့ထံကတဆင့် ဒေါ်ရှု ကြားသိခဲ့ရတယ်လို့ ဆိုပါတယ်။
အဲဒီအခါ ဒေါ်ရှုဟာ စိတ်မချမ်းမသာ ဖြစ်ခဲ့ရပြီး တရားရုံးချိန်းနေ့တွေမှာ တရားရုံးများသို့ ဆွမ်းလိုက်လံဆက်ကပ်ခြင်းဖြင့် အကျဉ်းသားစောင့်ရှောက်ရေးလုပ်ငန်းကို စတင်လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။
သူမရဲ့ စောင့်ရှောက်ရေးလုပ်ငန်းမှာ စတင်ခဲ့တဲ့သံဃာတော်များကတော့ ငွေကြာရံကျောင်းတိုက်မှ ဆရာတော်များ ဖြစ်ကြပါတယ်။ ထိုဆရာတော်များကတဆင့် နောက်ထပ် ဘယ်သူဘယ်ဝါရုံးထုတ် ဘယ်နေ့ ဘယ်မြို့နယ်မှာ ရှိမယ်စသဖြင့် လက်ဆင့်ကမ်း ပြောကြရာက ရွှေဝါရောင်တော်လှန်ရေးအပြီး ကာလနောက်ပိုင်း တနေ့ထဲ မြို့နယ် ၃-၄ ခုအထိ ဆွမ်းလိုက်ကပ်ရတာမျိုး ဖြစ်လာခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ သံဃာတော်များသာမက လူပုဂ္ဂိုလ် နိုင်ငံရေးအကျဉ်းသားများရဲ့တရားရုံးချိန်းများကိုလည်း အဆက်မပြတ် ထမင်းလိုက်ကျွေးရတာမျိုး တိုးချဲ့လုပ်ကိုင်ခဲ့ရတယ်လို့ ဆိုပါတယ်။ ဒေါ်ရှုဟာ တာမွေတရားရုံးပြီးလျှင် ပုဇွန်တောင်။ ပုဇွန်တောင် ပြီးလျှင် မင်္ဂလာဒုံ။ မင်္ဂလာဒုံပြီးလျှင် မြောက်ဥက္ကလာစသဖြင့် တရားရုံးများလှည့်ပတ် ကျွေးမွေးခဲ့သလို ပုဆိုး အင်္ကျီ၊ ထောင်ဝတ်စုံပြာများအထိ ထောက်ပံ့ ပေးဝေခဲ့တယ်လို့ သိရပါတယ်။ ယနေ့အထိ ထောင်ဝတ်စုံပြာဝမ်းဆက် အစုံ ၅၀၀ ခန့်ထောက်ပံ့ ပေးလှူခဲ့ရပြီး အဝတ်ပုဆိုး၊ ဆေးဝါး၊ ဖိနပ်၊ ခြင်ထောင်၊ အိပ်ယာ အခင်း၊ အစားအသောက်၊ ကွမ်းဆေးလက်ဖက်၊ ဆပ်ပြာအစ၊ သွားတိုက်ဆေးအဆုံး အကျဉ်းသားများထံအရောက် ပေးပို့နေသူလည်း ဖြစ်ပါတယ်။
“အန်တီကတော့ အင်းစိန်ထောင်ရောက်တာနဲ့ တတ်နိုင်သမျှ ပို့ပေးလိုက်တာဘဲ။ နယ်က ပြောင်းလာသူတွေက ဘာဆိုဘာမှ မပါကြသလို ဆွေမျိုးသားချင်းတွေကလည်း လိုက်မလာနိုင်ဘူးလေ။ ဒီတော့ ဘယ်သူ့မှ တွက်ကပ်မနေဘူး။ အင်းစိန်ထောင်ကို ရောက်တယ် ကြားတာနဲ့ ဖယောင်းပုဆိုး အခင်းပို့တယ်။ အဝတ်ပုဆိုး၊ ခြင်ထောင်စတာ လိုမယ်ထင်တာကို ပို့လိုက်တာဘဲ” လို့ ဒေါ်ရှုက ပြောပြတတ်ပါတယ်။
ဒီလို ပို့ပေးရတာဟာ လွယ်ကူချောမွေ့လှတယ်တော့ မဟုတ်ရပါ။ သူမအနေနဲ့ သားသမီး ၅ ယောက် လုပ်စာကိုင်စာနဲ့ အိမ်မှာ အငြိမ့်သာ ထိုင်စားနိုင်ပါလျှက် ထောင်ဘူးဝမှာ ထောင်ဝန်ထမ်းတွေက အငေါက် အငန်းခံ၊ ငြူငြူစူစူခံပြီး ပို့ရရှာတယ်လို့သိရပါတယ်။ တခြားသူတွေကို ပါဆယ်ပေးသွင်းပြီး သူမကို တနေကုန် မတ်တပ်ရပ်စောင့်ခိုင်းရင်တောင်မှ သူမကတော့ မတ်တပ်ရပ်ပြီး တနေကုန်စောင့်နေလို့ တချို့သော သဘောကောင်းတဲ့ ထောင်ဝန်ထမ်းများက လက်လျှော့ပြီး သူမပို့ချင်တဲ့ ပါဆယ်ထုပ်ကို လက်ခံပေးလိုက်ရတယ်လို့ ကြားသိရပါတယ်။
သူမဟာ နယ်အဝေးရောက် နိုင်ငံရေးအကျဉ်းသားများထံကိုလည်း လက်လှမ်းမီသမျှ စာတိုက်မှတဆင့် ပါဆယ်များ ပေးပို့လေ့ရှိပါတယ်။ ဒါတင်မက ထောင်ဝင်စာလာတွေ့တဲ့ နယ်ကျေးလက်တောရွာက နိုင်ငံရေးအကျဉ်းသားများရဲ့ မိသားစုများကို သူမရဲ့အိမ်မှာ တည်းခိုစေပြီး ထောင်ဝင်စာတွေ့ဖို့ စီစဉ်ပေးတာတွေလည်း လုပ်ပါသေးတယ်။ ပြီးတော့ နိုင်ငံရေးအကျဉ်းသားတယောက် နာမကျန်းဖြစ်လို့ အင်းစိန်ဆေးရုံကို ရောက်လာတယ်ဆိုတာနဲ့ အကျဉ်းသားလူနာများက သူမထံအကြောင်းကြား အသိပေးသလို သူမကလည်း ဆေးရုံအထိ လိုက်လံစောင့်ရှောက်တတ်ပါတယ်။ နိုင်ငံရေးအကျဉ်းသား မျက်စိခွဲလည်း သူမပါတယ်။ အူကျလည်း သူမပါတယ်။ စပိုတာလို အမျိုးသားသုံးပစ္စည်းလိုရင်လဲ သူမပါတယ်။ သီလရှင် ဆရာလေးတွေ အတွင်းခံအဝတ် မရှိတာလဲ သူမပါတယ်။ သူမဟာ တကယ့်ကို (ပါလေရာ ပဲခူးဆား) ပါဘဲ။ ပါလေရာ ပဲခူးဆားဆိုတဲ့ စကားပုံက နေရာတကာမှာ စပ်စပ်စုစု ဝင်ပါတာ မကောင်းတာကို ပြောတာပါ။ ဒေါ်ရှုဆိုတဲ့ နိုင်ငံရေးအကျဉ်းသားတွေအတွက် ဘာလိုလို၊ ဘာဖြစ်ဖြစ် ပါနေတဲ့ ပဲခူးဆားကတော့ အလွန်အရသာရှိသွားစေတဲ့ ဆားပွင့်လေးတွေ ဖြစ်နေပါတော့တယ်။
တကယ်တော့ သူမဟာ လောကတာဝန် သိစိတ်ရှိသူပါ။ လူဆန်တဲ့လူလို့ဘဲ သူမကို ကဗျည်းတပ်ချင်ပါတယ်။ သူမဟာ နိုင်ငံချစ်စိတ် ရှိတယ်။ မေတ္တာစိတ် ရှိတယ်။ ဂရုဏာစိတ် ရှိတယ်။ သူမရဲ့မေတ္တာစိတ်၊ ဂရုဏာစိတ်က အကျဉ်းကျ သားသမီးရှိတဲ့ တိုင်းနှင့် ပြည်နယ် အသီးသီးက အကျဉ်းထောင်တွေဆီ လမ်းခရီးမသွားတတ် မလာတတ်သူ မိသားစုတွေကိုလည်း သက်ဆိုင်ရာအကျဉ်းထောင်တွေအထိ လိုက်ပါ ပို့ဆောင်ပေးလေ့ ရှိပါတယ်။ ဒါကြောင့် သူမဟာ ကျိုင်းတုံထောင်၊ မြိတ်ထောင်၊ စစ်တွေထောင်၊ ကလေးထောင် စတဲ့ မြန်မာပြည်တနံတလျားက နယ်အဝေးထောင်တွေအနှံ့ ရောက်ခဲ့ဘူးသူလဲ ဖြစ်နေပါသေးတယ်။ အကျဉ်းကျ သံဃာများရှိရာ လှေလှော်အင်း၊ တိုက်ကြီး ဥတို၊ မအူပင် အလန်း၊ ကျိုက်ထိုမြို့နယ် မုပ္ပလင် ရဲဘက်စခန်းတွေထိ နိုင်ငံရေးအကျဉ်းသားတွေ မှာကြားသမျှကို လည်း ခေါက်တုန့် ခေါက်ပြန် သွားရောက် စောင့်ရှောက်တတ်ပြန်ပါတယ်။ မော်လမြိုင်အကျဉ်းထောင်မှ ဦးဇင်းတပါး အာဟာရပြတ်ပြီး ဘဝနတ်ထံပျံလွန်တော်မူကြောင်း ကြားသိရတဲ့အခါ သူမဟာ ကြီးစွာသော စိတ်ဆင်းရဲခြင်းဖြစ်ပြီး သူလက်လှမ်းမမီလို့ပါ။ မသိလိုက်လို့ပါ။ သိလို့တော့ ပါဆယ်ပို့ပေးပါတယ်လို့ ဆိုပါသတဲ့။ အခုအချိန်မှာ သူမဟာ နေ့စဉ်နေ့တိုင်း အကျဉ်းသားစောင့်ရှောက်ရေးလုပ်ငန်းနဲ့ ပင်ပန်းနွမ်းနယ်နေတတ်ပေမဲ့ ကိုယ်က ပင်ပန်းပေမဲ့ မသေနိုင်သေးဘူး။ အထဲက လူတွေက အာဟာရပြတ်ပြီး သေသွားနိုင်တယ်။ ငါ ကြိုးစားမှ၊ ငါ ကြိုးစားမှလို့ သူမကိုယ်သူမ အားပေးပြီး လုပ်နေရတယ်လို့ ဆိုပါတယ်။
တကယ်တော့ သူမဟာ နိုင်ငံရေးအကျဉ်းသားများကိုသာ မကပါ။ ရန်ကုန်မြို့မှာ တည်းခိုစရာမရှိသူ နယ်အဝေးက မိသားစုဝင်တွေ အင်းစိန်ထောင်ကို ထောင်ဝင်စာလာတွေ့ကြလျှင် သူမအိမ်မှာ တည်းခိုစေပြီး ကြည်ကြည်ဖြူဖြူနဲ့ ထောင်ဝင်စာ တွေ့နိုင်အောင် စီစဉ်ပေးတတ်ပါသေးတယ်။ အကျဉ်းထောင်က လွတ်မြောက်လာသူ အကျဉ်းသားများကိုလည်း သူမက ရန်ကုန်မြို့အနှံ့ ဘုရားဖူး လိုက်လံပို့ဆောင်ပေးတတ်သေးသလို လွတ်မြောက်လာတဲ့ သီလရှင်ဆရာလေးများ သီလရှင်ပြန်ဝတ်ခွင့်မရလို့ စားဝတ်နေရေး ခက်ခဲနေတာကို ဖြေရှင်းနိုင်ဘို့ စက်ချုပ်သင်တန်းတက်နိုင်အောင် စီစဉ်တာမျိုးလဲ လုပ်ပေးတတ်သူပါ။
ဒေါ်ရှုက သူမဒီလို နိုင်ငံရေးအကျဉ်းသားစောင့်ရှောက်ရေးလုပ်ငန်းနဲ့ နေ့စဉ်အချိန်ကုန်နေတာကို သားသမီးတွေက မကြည်မဖြူ ဖြစ်လာတဲ့အခါ (နင့်တို့ ငါနှစ်လုံး သုံးလုံးထိုးလို့ အိမ်တိုင်ချွတ် လျော်ရရင်လဲ ကုန်မယ်။ နှစ်လုံး သုံးလုံးနဲ့ ငါအချုပ်ထဲရောက်၊ ထောင်ထဲရောက်ရင်လဲ နင်တို့ အရှက်ကွဲမယ်။ ငွေ ကုန်မယ်။ ငါအခု အများကောင်းကျိုး လုပ်နေတာ။ နင်တို့ ဂုဏ်ယူတတ်ကြစမ်း)လို့ မိသားစုအတွင်း အတိုက်အခံလုပ် တတ်သူပါ။ အာဏာပိုင်များက ခေါ်မေးမြန်းရင်တော့ ကျမနိုင်ငံတော် ပုန်ကန်နေတာ မဟုတ်ပါဘူး။ လူမှုရေးလုပ်ငန်း လုပ်နေတာလို့ ဖြေပါသတဲ့။ သက်တောင့်သက်သာ ပါဘဲ။
မြန်မာပြည်မှာ သူလိုလူတွေ လူ ၂၀ ရှိမယ်ဆိုရင် အကျဉ်းသား ၂၀၀၀ ကျော် အကျဉ်းထောင်တွေထဲမှာ အတော်အသင့်တော့ သက်တောင့်သက်သာရှိနိုင်ပါလိမ့်မယ်။ (အမေက မွေး၊ ထောင်က ကျွေး) ဒီမိုကရေစီအရေးနဲ့ ထောင်ကျနေသူ ဒေါ်ရှုရဲ့ ပါဆယ်ထုတ်ကို လက်ခံရရှိနေသူ နိုင်ငံရေးအကျဉ်းသားတွေကတော့ သူမကို ဒုတိယအမေလို့ ခေါ်နေကြပါပြီ။ ရဟန်းတွေကတော့ (ဘိက္ခု မာတာ) ရဟန်းတို့ရဲ့ အမေပါတဲ့။
ဒေါ်ရှု (သို့) နိုင်ငံရေးအကျဉ်းသားတို့ရဲ့ ဒုတိယအမေ (သို့) ဘိက္ခုမာတာ။ သူမကတော့ နိုင်ငံရေး ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူ သူမရဲ့ သားသမီးတွေ အားလုံးအမြန်ဆုံးလွတ်မြောက်ပါစေလို့ နေ့စဉ်ဆုတောင်းနေပါသတဲ့။
အမေဒေါ်ရှု -သူမရဲ့ ဆန္ဒအမြန်ဆုံး ပြည့်နိုင်ပါစေ။

မိုးကျော်ကျော်

lifeကျမရဲ့ မဲဆောက်ခရီးက RFA လွတ်လပ်တဲ့ အာရှအသံ ရေဒီယိုမှာပါတဲ့”အမှောင်လှိုင်းထဲက သူရဲကောင်းတို့ တိုင်းပြည်”အသံလွှင့် ဆောင်းပါးတွေကို စာအုပ်ထုတ်ဖို့ပါ။ စာရေးသူ ကျမအတွက် ကိုယ့်ဆောင်းပါးကို စာအုပ်အဖြစ် ထုတ်ခွင့်ရတဲ့အတွက် ဝမ်းသာမိတယ်။ စာအုပ်ထုတ်ဖြစ်အောင် သြော်စီက ထုတ်ဝေသူ ဦးမောင်မောင်မြင့်နဲ့ စာအုပ်ဖြစ်အောင် ကြိုးစားပေးတဲ့ နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက်ရေး အသင်းက စာအုပ်ဖြန့်ချိဖို့ပါ တာဝန်ယူပါတယ်။ စာအုပ်ကိစ္စနဲ့လာတဲ့ မဲဆောက်မှာ ဒုက္ခသည်ခွင့်နဲ့ ၅ရက်နေခွင့် ရခဲ့ပါတယ်။

ဘာသာတရားရဲ့ အဆုံးအမများနဲ့ ဘဝတည်မြဲရေးအတွက် လိုအပ်ချက်ကြား စေ့စပ်ရေးလုပ်ရတဲ့ သဘောကို ဒုက္ခသည်စခန်းမှာ လက်တွေ့ မြင်ခဲ့ရပါတယ်။ နတ်တော်လပြည့်ကျော် လမင်းရဲ့ လရောင်က အင်ဖက်မိုးကို အလင်းဖောက်ထားတဲ့ ပလပ်စတစ်အမိုး ကြားကနေ တဲအိမ်ထဲကို ဖြာကျနေပါတယ်။ သက်ကြီးခေါင်းချချိန် ကြက်တွန်သံကို ကြားနေရပေမယ့် ခါတိုင်းလို ကလေးငိုသံ၊ ကလေးချော့သံတွေကို မကြားရပါဘူး။ တဲအိမ်တွေရဲ့ သဲပွတ်ကာ ဝါးနံရံတွေမှာ နေ့နံ ၇ရက်ကို ကိုယ်စားပြုတဲ့ပန်း၊ အရွက်၊ အညွန့်ကို ပရိတ်ကြိုးတွေနဲ့ ချည်ပတ်ထားတယ်။ နေဝင်ဖြိုးဖျ၊ ညီအကို မသိတသိ အချိန်၊ နွားရိုင်းသွင်းချိန်လို့ ခေါ်ကြတဲ့ အချိန်လောက်မှာ ကလေးငယ်တွေ တအိမ်နဲ့တအိမ် မကူးခိုင်းတော့ဘူး။ အိမ်ထဲက အိမ်ပြင် မထွက်ခိုင်းတော့ဘူး။

နို့ဖိုးတောင်ထိပ်ဖျားမှာ ကရင်အမျိုးသားအလံကို လွှင့်ထူထားတယ်။ လေထဲမှာ တလွင့်လွင့် လှုပ်နေတဲ့ အလံက ကရင်လူမျိုးတွေရဲ့ ရင်ထဲကခံစားမှုနဲ့ ထပ်တူထပ်မျှ ဖြစ်ပါလိမ့်မယ်။ တောပန်းတောင်ပန်း ရနံ့တွေကြား သင်းပျံ့ပျံ့ မွှေးနေတဲ့ ကောက်သစ်စပါးကို မောင်းထောင်းရင်း ကရင်လုံမငယ်တွေ တေးသီချင်း သီဆိုနေကြတယ်။

သူတို့ကရင်ဘာသာကို ကျမနားမလည်ပေမယ့် သီချင်းသံကိုနားထောင်ပြီး ပျော်ရွှင်လိုက်၊ လွမ်းမောလိုက် ဖြစ်နေတဲ့ ကရင်မိန်းကလေးကိုကြည့်ပြီး ခံစားနိုင်ပါတယ်။ စကောကရင်လူမျိုးတွေက “ထာ” ဆိုတဲ့ သီချင်းဆိုပွဲ လုပ်သလို ပိုးကရင်တွေက ဒုံးယိမ်းကပြီး နှစ်သစ်ကူးပွဲ ကျင်းပကြတယ်။

မိတ်ဆက်

နရသိန် ဘလော့ကို www.webnarathein.tkမှပြောင်းလဲဆန်းသစ်ချင်
၍အသစ်ပြုလုပ်ခဲ့ပါသည်။ဤဆိုဒ်သို့ ဆောင်းပါးများ၊ကဗျာများ၊ ပေးပို့နိုင်
ပါသည်။ ရောက်ရှိလာသောစာမှုများကို စီစစ်ပြီးဖေါ်ပြပေးသွားပါမည်။
ပေးပို့ လိုလျှင်။amoe2007@gmail.com သို့ လိပ်မှုပြီးပေးပို့နိုင်ပါသည်။
နရသိန်အဖွဲ့

ဝင်ရောက်ကြည့်ရှု့သူများ

နိုင်ငံရေးအကျဉ်းသားများသီချင်း